Wednesday, March 27, 2013

ဓါတ်ပုံကြီးကြီး အသွင်သစ်နဲ့ မိုဘိုင်းကြော်ငြာ ဈေးကွက်ကို အပိုင်သိမ်းမယ့် facebook

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွေကြားမှာ နာမည်အကြီးဆုံး သတင်းနှစ်ခု ရှိပါတယ်။ တစ်ခုကတော့ အသုံးပြုသူဦးရေ သန်း ၁၀၀ ကျော်သွားခဲ့တဲ့ Instagram ဓါတ်ပုံလူမှုကွန်ရက် အကြောင်းပါ။ နောက်တစ်ခုက ကမ္ဘာ့ လူဦးရေ အများဆုံး လူမှုကွန်ရက် Facebook ရဲ့ Interface အသွင်အပြင်ပုံစံ ပြောင်းလဲခြင်း သတင်းပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီသတင်းနှစ်ခုဟာ လူမှုကွန်ရက် စီးပွားရေး နယ်ပယ်ထဲမှာ ရှိနေခြင်းကြောင့် တွဲဖက်ပြီး မြင်ရမယ့် သတင်းတွေ ဖြစ်တယ်လို့ ထင်စရာ ရှိပေမယ့် သူတို့ကို သတင်းတစ်ပုဒ်တည်းလို့ မြင်ရမယ့် သီးသန့် အကြောင်းအရာ ရှိနေပါတယ်။ အဲဒီ အကြောင်းအရာကတော့ Facebook အနေနဲ့ ဓါတ်ပုံပိုင်းကို ပိုပြီး အလေးထားလာတဲ့ အချက်ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်အတွင်းက Facebook ဟာ Instagram ကို ဝယ်ယူခဲ့ပြီး သူတို့ရဲ့ ဓါတ်ပုံထောက်ပံ့မှု နည်းပညာကို အရှိန်မြှင့်တင်ခဲ့သလို လူမှုကွန်ရက် သမိုင်းတစ်လျှောက် ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး သီးခြား အလေးထားတဲ့ အပြုအမူတွေကို Facebook အနေနဲ့ ပြုလုပ်ပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ New Feed ဆိုတဲ့ Feature ကို ၂၀၀၆ ခုနှစ်မှာ Facebook က အသုံးပြုခွင့် ပေးခဲ့ပြီး အခုအခါမှာတော့ သူငယ်ချင်းတွေကြားက သတင်းအချက်အလက်တွေကို ရယူရာမှာ ဗဟိုအချက်အချာကျတဲ့ နေရာအဖြစ် ရှိနေခဲ့ပါတယ်။ ဒီအချက်ကြောင့် New Feed ရဲ့ Interface ပိုင်းကို Facebook တည်ထောင်သူတွေက အကောင်းဆုံး ဖြစ်စေဖို့ ပုံမှန် ကြိုးစားခဲ့ကြတာကို သိသာစွာ တွေ့မြင်ရပါတယ်။
ကုမ္ပဏီတည်ထောင်သူ လူငယ်ကွန်ပျူတာ ပညာရှင် ဇူကာဘတ်ဂ်က သူတို့ရဲ့ လူမှုကွန်ရက်ကို အကောင်းဆုံး သတင်းစာတစ်စောင် ဖြစ်ချင်တယ်လို့ အမြဲတစေ ပြောခဲ့ပြီး အဲ့ဒီ ရည်ရွယ်ချက်ကြောင့်လည်း အချက်အလက် အစုံကို အချိန်နဲ့ တပြေးညီ ကြည့်ရှုလို့ရမယ့် News Feed Feature ကို ဖန်တီးခဲ့တာပါ။ Facebook ရဲ့ Interface ပုံစံ ပြောင်းလဲမှုမှာ Profile နဲ့ ပတ်သက်ရန် အကြီးမားဆုံးလို့ ပြောနိုင်တာက Timeline Feature ပဲ ဖြစ်ပါတယ်။ ဒီ Feature ကို စတင်မိတ်ဆက်စဉ်က ကြိုက်နှစ်သက်ခဲ့တဲ့ သူတွေရှိသလို လက်မခံချင်တဲ့သူတွေ၊ အရင်က ပုံစံနဲ့ အသားကျနေတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုအချိန်မှာတော့ Facebook ရဲ့ Timeline Interface ပုံစံက တခြားလူမှု ကွန်ရက်တွေရဲ့ Profile စာမျက်နှာထက် အများကြီး ခမ်းနားမှု ရှိနေတာကို လက်ခံနေကြရပါပြီ။ Timeline Feature နဲ့အတူ လုံခြုံရေးဆိုင်ရာ သတ်မှတ်မှု စနစ်တွေ၊ တည်နေရာ၊ အချိန်စတဲ့ မှတ်သားနိုင်မှု စနစ်တွေကို ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ သတ်မှတ်မှုတွေမှာလည်း ရွေးချယ်ဖို့ အစိတ်အပိုင်းများစွာကို ထပ်ဆောင်း ပေးခဲ့ပါတယ်။ ဒါကြောင့် Timeline ကို ဆန့်ကျင်တဲ့သူတွေတောင် နောက်ဆုံးမှာ သဘောကျ နှစ်ခြိုက်တဲ့ အခြေအနေ ရောက်ရှိလာခဲ့ကြပါတယ်။
ဓါတ်ပုံနဲ့ ပတ်သက်ပြီး Facebook က ရုတ်ရုတ်သဲသဲဖြစ်အောင် ဝန်ဆောင်မှု ပေးခဲ့တဲ့ Feature က Face Recognition ဖြစ်ပြီး နောက်ပိုင်းမှာ ပုဂ္ဂလိက လုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ သတ်မှတ်မှုတွေနဲ့ ဒီ Feature ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားခဲ့ပါတယ်။ Instagram လူမှုကွန်ရက်ကို ဝယ်ယူပြီးတဲ့ နောက်ပိုင်းမှာတော့ Instagram နဲ့ Facebook ကို ပူးပေါင်းပြီး သုံးစွဲမှုတွေ ပြုလုပ်သူ အရေအတွက် များလာသလို Facebook ရဲ့ ဓါတ်ပုံတွေအပေါ် အလေးထားတဲ့ ဦးတည်ချက်ကလည်း ပိုပြီး ပြတ်သားလာပါတယ်။
အခုအသွင်အပြင် ဒီဇိုင်းသစ်မှာ Facebook က ယူဆောင်လာခဲ့တဲ့ အစိတ်အပိုင်း အများစုက Timeline Feature အတွက် အထောက်အကူ ဖြစ်သလို New Feed ရဲ့ ပံ့ပိုးမှုကိုလည်း ပိုမိုအသက်ဝင်စေပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေ ပါဝင်မှာ ဖြစ်သလို တည်နေရာတွေကို မျှဝေနိုင်မယ့် စနစ်သစ်တွေနဲ့ ကိုယ်ရဲ့ပုဂ္ဂလိကဆိုင်ရာ မျှဝေမှုတွေကို ပိုပြီး အသက်ဝင်မှု ရှိစေဖို့ ဓါတ်ပုံအကြီးကြီးတွေကအစ သတ်မှတ်ထားနိုင်ပါလိမ့်မယ်။ ဆက်ပြီးတော့ မိုဘိုင်းပစ္စည်းတွေပေါ်မှာ ပိုမိုထင်သာမြင်သာ ရှိစေမယ့် ဒီဇိုင်းပုံစံ အသစ်ရဲ့ အားသာချက်တွေ အကြောင်းကို ဖော်ပြချင်ပါတယ်။
Feed များကို ရွေးချယ်မှု
Facebook ရဲ့ နည်းပညာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Chris Struhar က အသုံးပြုသူ အများစုဟာ သူတို့ရဲ့ သူငယ်ချင်းတွေ ဘယ်လို သီချင်းမျိုးကို နားထောင်နေကြတယ်၊ ဘာတွေ လုပ်နေကြတယ် ဆိုတဲ့ အကြောင်းတွေကို သိချင်သူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့ News Feed ဒီဇိုင်းသစ်မှာ သူငယ်ချင်းတွေ အားလုံးရဲ့ Feed တွေကို ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ မိုဘိုင်းပစ္စည်းတွေနဲ့ အသုံးပြုတဲ့အခါ ဒီလိုမျိုး ထောက်ပံ့မှုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ Music ဆိုတဲ့ Feed အသစ်ကိုလည်း တင်ဆက်ပေးမှာ ဖြစ်ပြီး ဓါတ်ပုံတွေနဲ့ ပတ်သက်တဲ့ Feed ကိုလည်း ပေါင်းစပ်ပေးမှာပါ။ Following Feed မှာတော့ အသုံးပြုသူတွေက Like ပြုလုပ်ထားတဲ့ စာမျက်နှာတွေ၊ လူတွေရဲ့ Update အားလုံးကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အရင်ကလို ရှုတ်ထွေးနေတဲ့ News Feed ပုံစံကနေ ကိုယ်ကြည့်ချင်တဲ့ အရာကို ရွေးချယ်ကြည့်ရှုနိုင်တဲ့ တင်ဆက်မှုမျိုးလည်း ဖြစ်ပါတယ်။
ဘာတွေ ထူးခြားသွားသလဲ
အခုလို ဒီဇိုင်းသစ် ပြုလုပ်လိုက်လို့ News Feed ရဲ့ ပုံစံက ဘာတွေ ထူးခြားသွားနိုင်သလဲ အဖြေထုတ်ရမှာတော့ အကြောင်းအရာ သုံးခု ပေါ်လာခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ စာမျက်နှာတွေနဲ့ လူတွေဆီက ပေးပို့တဲ့ အချက်အလက်တွေကို စုံစုံလင်လင် ရယူနိုင်တာ ဖြစ်ပါတယ်။ စနစ်တကျ ခွဲခြားပြီး ရယူနိုင်ခြင်းက အားသာချက် ဖြစ်သလို စားသောက်ဆိုင်စတဲ့ ဝန်ဆောင်မှုတွေမှာလည်း ဒီနေ့အတွက် ဘာတွေက အကောင်းဆုံးလဲ ဆိုတဲ့ သတိပေးမှုတွေကို ရယူနိုင်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ Following Feeds နဲ့ပဲ ဖြစ်ပြီး ပင်မစာမျက်နှာရဲ့ ညာဘက်ခြမ်းကနေ အကြောင်းအရာစုံကို ဆက်တိုက် ဖော်ပြပေးနေမှာပါ။ နောက်ဆုံး အချက်ကတော့ ကာဗာဓါတ်ပုံဖြစ်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေကို သိရှိနိုင်ဖို့ စီစဉ်ပေးထားပါလိမ့်မယ်။
တည်နေရာ အချက်ပြ စနစ်သစ်
ဒီဇိုင်းပုံစံ ပြောင်းလဲမှုမှာ ပလက်ဖောင်း အားလုံးအတွက် တည်နေရာ အချက်ပြစနစ် ပြောင်းလဲမှုကိုလည်း ထည့်သွင်း ပေးလိုက်ပါတယ်။ စာမျက်နှာတွေကို သွားရောက် ကြည့်ရှုတဲ့ နေရာမှာ ပိုပြီး ရှင်းလင်းစွာ ကြည့်ရှုနိုင်ဖို့နဲ့ Loading ပြုလုပ်ရတဲ့ အချိန်တွေ သက်သာစေဖို့ ဒီဇိုင်းပုံစံ အသစ်မှာ စီစဉ်ပေးထားပါလိမ့်မယ်။
အခု ဖော်ပြခဲ့တဲ့ အချက်တွေက လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Facebook အသုံးပြုသူတွေ ထိတွေ့ ခံစားရတော့မယ့် News Feed ပုံစံသစ်ရဲ့ တချို့အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဓါတ်ပုံတွေနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မယ့် ထောက်ပံ့မှုတွေကလည်း လူမှုကွန်ရက်တွေရဲ့ အွန်လိုင်းကြော်ငြာ စီးပွားရေးဘက်မှာ ထူးခြားမှု တစ်ခုအဖြစ် ပေါ်ထွက်လာဦးမှာပါ။ အသုံးပြုသူ များလာတာနဲ့အမျှ Feature ဆန်းသစ်မှုတွေ ပိုမိုကောင်းမွန်လာခဲ့သလို လုံခြုံရေး စနစ်တွေလည်း အဆင့်မြင့်လာတဲ့ Facebook ရဲ့ အသွင်သစ် အမြင်သစ် Interface ဒီဇိုင်းပုံစံကို အမြန်ဆုံး အသုံးပြုနိုင်တော့မယ့်အကြောင်း တင်ဆက် ပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
Ref & Credit to The IT Times

No comments:

Post a Comment