Saturday, March 9, 2013

အမေရိကန်ဈေးကွက်မှာ တစ်ဝက်အသက်ရှူချောင်သွားတဲ့ Samsung

ကမ္ဘာ့ Smartphone ဈေးကွက်ဝေစုရဲ့ထက် ၀က်ကျော်ကို နှစ်ဦးတည်းနဲ့သိမ်းပိုက်ထားတဲ့ Apple နဲ့ Samsung တို့ဟာဈေးကွက်လုရင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်သည် ထက် ပြင်းထန်လာပြီးတစ်ဦးနဲ့တစ်ဦးအပြန်အလှန် တရားစွဲဆိုတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ တရားစွဲဆိုမှုအတော်များများကတော့ Apple က ပြုလုပ်ခဲ့တာပါ။ Samsung အပေါ် မူပိုင်ခွင့်ချိုးဖောက်မှု (Copyright infrinment) နဲ့ တရားစွဲခဲ့တာပါ။ တိုက်ရိုက် အဓိပ္ပာယ်ကတော့ Apple ရဲ့ Smartphone နည်းပညာတွေကို Samsung က ခွင့်ပြုချက်ရယူခြင်းမရှိဘဲခိုးသုံးတယ် လို့ စွပ်စွဲတာပါ။ ကိုရီးယား၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ တရားရုံးတွေမှာ Apple ရဲ့စွဲချက်ကိုပလပ်ခဲ့ကြပေမယ့် အမေရိကန်နိုင်ငံပြည်ထောင်စု/တရားရုံးကတော့ Apple ကိုအနိုင်ပေးခဲ့ပြီး Samsung အနေနဲ့ နစ်နာကြေးငွေဒေါ်လာသန်းတစ်ထောင်ပေးဆောင်စေဖို့ ပြီးခဲ့တဲ့နှစ်ကအမိန့်ချမှတ်ခဲ့ပါတယ်။ Samsung က အယူခံဝင်ခဲ့တာကြောင့် ဖက်ဒရယ်တရားရုံးမှာထပ်မံစစ်ဆေးရာမှာယခင်ချမှတ်ထားတဲ့ နစ်နာကြေးဒေါ်လာသန်းတစ်ထောင်အစားရာခိုင်နှုန်း ၄၀ လျှော့ပြီးဒေါ်လာ ၅၉၉ သန်းသာပေးဆောင်သင့်တယ်လို့ ပြင်ဆင် အမိန့်ချခဲ့ပါတယ်။ ဒီအမှုကိုစစ်ဆေးတဲ့တရားသူကြီးကတော့ အမျိုးသမီးဖြစ်ပြီး Lucy H.koh ဖြစ်ပါတယ်။ သူ့ရဲ့ စာမျက်နှာ ၂၇ မျက်နှာပါတဲ့ စီရင်ထုံးမှတ်တမ်းမှာ ဂျူရီ (Jury) အဖွဲ့အနေနဲ့ မူပိုင်ခွင့်ပုံစံအများအပြားရှိတဲ့အနက်က Utility Patents တွေနဲ့ပတ်သက်ပြီး Apple နစ်နာခံစားရတဲ့ Damages ပမာဏနဲ့တန်ဖိုးကိုတွက်ချက်ရာမှာ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းမလိုက်နာဘဲသွေဖီမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ Apple ငှားရမ်းထားတဲ့ expert တွေအနေနဲ့ နစ်နာရမှုပမာဏ damages တွက်ချက်ရာမှာ aggressive notice date တွေ အသုံးပြုတွက်ချက်တင်ပြ ခဲ့ခြင်းအပေါ်လည်း အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Samsung ပြောရေးဆိုခွင့်ရှိသူ Adam Yates ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီးနောက်ထပ်ကျန်နေသေးတဲ့ နစ်နာကြေးပမာဏအပေါ်လည်းဆက်လက်အယူခံ ၀င်သွားမယ်လို့ ဆိုပါတယ်။ Samsung အနေနဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၂၉% သိမ်းပိုက်ထားပြီးကမ္ဘာ့နံပါတ် တစ်နေရာမှာရပ်တည်နေပါတယ်။ Apple ကတော့ ၂၁.၈% နဲ့ ဒုတိယလိုက်နေပါတယ်။

No comments:

Post a Comment